မသိလိုက်မသိဖာသာလုပ်မိနေတဲ့ ကျန်းမာရေးအတွက်မကောင်းတဲ့အပြုအမူများ
25-Nov-2020မသိလိုက်မသိဖာသာလုပ်မိနေတဲ့ ကျန်းမာရေးအတွက်မကောင်းတဲ့အပြုအမူများ
ရောဂါဘယတွေများစွာရှိပါတယ်။ ကူးစက်ရောဂါ၊ မကူးစက်နိုင်တဲ့ရောဂါ၊
နာတာရှည်ရောဂါ စသည်ဖြင့် အုပ်စုတွေအမျိုးမျိုးခွဲခြားနိုင်တယ်။ ရောဂါတွေဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ
ကျွန်တော်တို့နေ့စဉ် ကိုယ့်ကိုယ်ကို သတိမထားမိဘဲ အမှတ်တမဲ့ လုပ်မိနေတဲ့ အပြူအမူတွေလည်းအများကြီးရှိနေပါတယ်။
ဒီအထဲကမှ တွေ့ရများတဲ့ တချိုကို့ဖော်ပြပေးလိုက်ပါတယ်။
လက်ဆစ်ချိုးတတ်သူ
- လက်ဆစ်တွေအကြောင်းမရှိဘဲ တစ်ချိန်လုံး တစ်ဖြောက်ဖြောက်နဲ့ ချိုးနေတာက ကိုယ်ကိုယ်တိုင်အတွက်သာမက
ကိုယ့်ဘေးနားကသူတွေကိုပါအနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလိုချိုးဖန်များလာရင် အဆစ်အမြစ်တွေရောင်ရမ်းလာပြီး
အချိန်နဲ့ အမျှအားနည်းလာနိုင်ပါတယ်။ သို့ပေမဲ့ အဆစ်အမြစ်ရောင်ရောဂါအထိတော့မဖြစ်ပါဘူး။
လက်သည်းကိုက်တတ်သူ
- အကိုက်ခံရတဲ့လက်သည်းလည်းပျက်စီးသလို လက်သည်းအောက်ကအရေပြားတွေလည်းပွန်းပဲ့ကုန်တာမို့ပိုးဝင်ရောက်လွယ်ပါတယ်။
လက်သည်းကိုက်တဲ့သွားလည်းကြာလာရင်ပျက်စီးလာပါတယ်။ လက်ဆိုတာ ပစ္စည်းအကုန်ကိုက်တွယ်ရတာမို့
ဒီလက်ကိုပါးစပ်ထဲခဏခဏထည့်သူတွေဟာ မကြာခဏ အအေးမိ၊နှာစေးတာ ဖျားနာမှုတွေကြုံရတတ်ပါတယ်။
အိပ်ချိန်နည်းသူ
- အိပ်ရေးမဝရင်လူက လန်းလန်းဆန်းဆန်းမဖြစ်သလို တစ်ခါတစ်လေ ဖုတ်ကောင်ပုံတောင်ပေါက်နေတတ်ပါတယ်။
ကျန်းမာရေးအရကြည့်ရင်လည်း အိပ်ရေးမဝရင် သွေးပေါင်ချိန်တက်လာတာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊
စိတ်ကျရောဂါ တွေပါဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင်မှတ်ဉာဏ်စွမ်းရည်ကိုလည်းထိခိုက်နိုင်ပါတယ်။
နားကျပ်တပ်ပြီးသီချင်းအကျယ်ကြီးနားထောင်တာ
- မြူးကြွတဲ့သီချင်းတွေနားထောင်ရတာ စိတ်ခံစားမှုအပေါ်ကောင်းတဲ့သက်ရောက်မှုရှိတာမှန်ပါတယ်။
သို့ပေမဲ့ရံဖန်ရံခါပဲကောင်းပါတယ်။ ခဏခဏဒီလိုနားထောင်နေမယ်၊ အသံကိုလည်းအသားကုန်ကျယ်ထားမယ်ဆိုရင်
အသက်ကြီးလာရင် နားကြားကိရိယာတပ်ထားရတဲ့ဘဝရောက်သွားပါလိမ့်မယ်။ တစ်နေ့ကို တစ်နာရီထက်
ပိုပြီး နားကျပ်တပ်သီချင်းနားမထောင်ပါနဲ့။
မအိပ်ခင်ဖုန်းပွတ်တတ်တာ
- ဖုန်းကထွက်တဲ့ရေဒီယိုလှိုင်းတွေကြောင့်မဟုတ်ပါဘူး။ ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာတွေမျက်နှာပြင်ကထွက်တဲ့
အလင်းရောင်က အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်မအိပ်ခင်အနည်းဆုံးတစ်နာရီလောက်ကတည်းက
ကြိုပြီး ဒီပစ္စည်းတွေမသုံးဖို့အကြံပြုချင်ပါတယ်။ ဖုန်းအကြည့်များပြီး အိပ်ချင်လာတာက
ကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး။ ပြောရရင် ကိုယ့်ခန္ဓာကိုယ်က လုံးဝကိုတောင့်မခံနိုင်တော့လို့
အားအင်ကုန်ခန်းသွားတာပဲဖြစ်ပါတယ်။
အထိုင်များတာ
- နောက်ဆုံးလေ့လာမှုတွေအရ တစ်နေ့ကို၈ နာရီထိုင်ခြင်းက သွေးတိုး၊ နှလုံး၊ ဆီးချို၊ အဝလွန်ရောဂါဖြစ်ပွားမှုကို
၂၀%လောက်တက်လာစေတယ်လို့ဆိုပါတယ်။ သို့ပေမဲ့ ယနေ့ခေတ်ရဲ့ အလုုပ်သဘောအရကို ရုံးမှာထိုင်လုပ်ရတဲ့အလုပ်က
များလာတာမို့ လုံးဝရှောင်လွဲှလို့တော့မရပါဘူး။ အလုပ်ချိန်မှာ တောက်လျှောက်ထိုင်မနေဘဲ
မကြာခဏအပေ့ါအပါးသွားပေးခြင်း၊ တစ်နာရီကို ၁၀ မိနစ်လောက် မတ်တတ်ရပ်ပြီး အလုပ်လုပ်ပေးခြင်းဖြင့်
သက်သာစေနိုင်ပါတယ်။
အစားကိုမြန်မြန်စားတာ
- အစားကိုခပ်သုတ်သုတ်စားခြင်းဖြင့် ဗိုက်ပြည့်တယ်လို့မခံစားရစေပါဘူး။ ဒ့ါကြောင့် စားသင့်တာထက်ပိုများများထပ်စားမိစေတယ်။
အစားကို ဖြည်းဖြည်းနဲ့မှန်မှန်စားသုံးပေးခြင်းက အစာခြေဖျက်ဖို့ အချိန်ပိုထွက်လာစေပြီး
ဗိုက်လည်းပြည့်စေပါတယ်။ ဒါ့ကြောင့် ဘာစားစား နည်းနည်းနဲ့ မှန်မှန်စားပါ၊ သေချာဝါးစားပေးပါ။
အသင့်စားအစားအသောက်တွေစားတာ
- ဟမ်ဘာဂါတွေ၊ ဟော့ဒေါ့တွေ၊ အချိုရည်တွေက သရေယိုစရာကောင်းတာမှန်ပေမဲ့ တစ်ခါတစ်လေလောက်သာစားပါ။
ဖြစ်နိုင်ရင်တော့ လုံးဝရှောင်ပါ။ ဒီလိုမုန့်တွေစားလိုက်တာနဲ့ ပါဝင်တဲ့သကြားဓာတ်က သွေးထဲကိုလျင်မြန်စွာပဲဝင်ရောက်သွားတယ်၊
လိုအပ်တာထက်ပိုလျှံလာတဲ့သကြားဓာတ်ကို ခန္ဓာကိုယ်ကလည်း မသုံးစွဲနိုင်တဲ့အခါ အဝလွန်တာ၊
နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ နောက်ကလိုက်တာပါတော့တယ်၊ အချိုဓာတ်ခြင်းအတူတူ သဘာဝသစ်သီးဝလံတွေကိုသာ
စားသုံးပေးသင့်ပါတယ်။
Dr. Oliver